ငှက်ပျောသီးနှင့် ကျန်းမာရေး

၁၂ရာသီပတ်လုံး ဖောဖောသီသီရနိုင်သော အသီးများထဲတွင် ငှက်ပျောသီးသည်လည်း တစ်မျိုးအပါအဝင်ဖြစ်သည်။ အစာကြေညက်လွယ် သောကြောင့် အရွယ်သုံးပါးမရွေး စားသုံးနိုင်သည်။
“နံနက်သင်္ဘော ညငှက်ပျော” ဆိုသည့်အတိုင်း ညအိပ်ယာဝင်ခါနီးတိုင်း စားပေးသင့်ပါသည်။ ငှက်ပျောခွံပေါ်တွင်အမဲရောင်အစက်အပြောက် များလေ ရင့်မှည့်လေဖြစ်သောကြောင့် အနံ့၊ အရသာ၊ အာနိသင် ပိုကောင်းလေဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ သီးမွှေး၊ ဆင်အံ၊ နံ့သာပု၊ ငှက်ပျောချဉ်၊ ရွှေနီငှက်ပျော၊ ရခိုင်၊ ဝက်မလွတ် စသဖြင့် ငှက်ပျောမျိုးစုံလင်လှသလို တစ်မျိုးချင်းစီအလိုက် အာနိသင်များပါရှိနေသည်။
ဖီးကြမ်းငှက်ပျော
ခန္ဓာကိုယ်အတွင်းအပူများသူများအတွက် အထူးသင့်တော်သည်။ ကျောင်းနေ အရွယ်ကလေးများကို ဖီးကြမ်းငှက်ပျောသီးတစ်လုံးနှင့် လက်ဖက်ရည် တစ်ဇွန်းစာ ပမာဏရှိသော ပင်စိမ်းရွက်သတ္တုရည်တစ်ဇွန်းကို သမအောင်ရောပြီး နေ့စဉ် ကျွေးခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးပြီး မှတ်ဉာဏ်ကောင်းစေသည်။ မီးလောင်ဒဏ်ရာ များအတွက် ဖီးကြမ်းငှက်ပျောသီးမှည့် အုံပေးပြီး ငှက်ပျောဖက်ခင်းအိပ်ပါ။ (ဖီးကြမ်းငှက်ပျောပင်စည်ကို မုန့်ဟင်းခါးဟင်းရည်ချက်ရန် မသင့်တော်ပါ။ အရသာ ခါးနေတတ်သည်)
သီးမွှေးငှက်ပျော
ခန္ဓာကိုယ်ကြွက်သားကို ကောင်းစွာတည်ဆောက်ပေးသည့်အပြင် လန်းဆန်း တက်ကြွမှုကိုဖြစ်စေပါသည်။ အရွယ်တင်နုပျိုစေသည်။ ခြင်ကိုက်ပြီးယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ ရောင်ရမ်းခြင်းနှင့် သွားဝါခြင်းများကို ငှက်ပျောခွံဖြင့် ပွတ်တိုက် ပေးပါက ပျောက်ကင်းစေပါသည်။
ဆင်အံငှက်ပျော
အေးပြီးချိုသော အရသာရှိသည့်အပြင် အနည်းငယ်ဖန်သည်။ လူကိုဝစေသည်။ သည်းခြေရောဂါများကို ကောင်းကျိုးပြုသည်။ နှလုံးရောဂါရှိသူများအတွက် အထူးသင့်တော်သည်။
နံ့သာပုငှက်ပျော
ချိုပြီးအေးသည်။ နှလုံးအားကောင်းစေသည်။ ရေဆာခြင်းကိုသက်သာစေသည်။ သို့သော် အစာကြေညက်ခဲသောကြောင့် အစာအိမ်ဝေဒနာသည်များ မစားသင့်ပါ။
ငှက်ပျောချဉ်
သွေးကိုအေးစေတတ်သည်။ အမျိုးသား၊ အမျိုးသမီးရောဂါများနှင့် သင့်တော်သည်။ ခန္ဓာကိုယ်ကြွက်သားများကို ကျစ်လျစ်စေသောကြောင့် ကိုယ်ခန္ဓာ ဝဖြိုးသူများ မကြာခဏ စားပေးသင့်သည်။
ရွှေနီငှက်ပျော
ခွန်အားကိုဖြစ်စေသည်။ နှလုံးကိုကောင်းကျိုးပြုသည်။ သို့သော် လေပွစေ သောကြောင့် ရင်ပြည့်ရင်ကယ်ရှိသူများ မစားသင့်ပါ။
ရခိုင်ငှက်ပျော
ရေသီလံ ဟုလည်းခေါ်သည်။ သွေးနှင့်လေကို ကြေစေသည်။ ကိုလက်စထရော ကိုကျစေသည်။ ရခိုင်ငှက်ပျော၏ အသီးသာမက အမြစ်၊ ပင်စည်၊ အပွင့်၊ အရွက် အားလုံးကလည်း သွေးထဲရှိကိုလက်စထရောကို ကျစေသောကြောင့် သတ္တုရည်ကို တစ်ခါသောက်လျှင် ဟင်းစားဇွန်းတစ်ဇွန်းဖြင့် တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်ပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို ကျစေပါသည်။ (ရခိုင်ငှက်ပျောပင်၏ပင်စည်ဖြင့် မုန့်ဟင်းခါးဟင်းရည် ချက်လေ့ရှိသည်)
ဝက်မလွတ်ငှက်ပျော
အပူငြိမ်းစေပြီး သွေးလေကို ကြေစေသည်။ ခွန်အားပြည့်စေသည်။ နှလုံးကိုငြိမ်စေသောကြောင့် သိုင်းရွိုက်ရောဂါသည်များ၊ လည်ပင်းကြီးဝေဒနာသည်များ၊ စိတ်ကစဉ့်ကလျားဖြစ်သူများနှင့် သင့်တော်ပါသည်။