စပါးမှိုသီရောဂါ ( False smut Diseases of Rice )

အရင်အပတ် က Facebook က စိုက်ပျိုးရေး ဂရုတစ်ခုမှာ ကျတော်ကြည့်မိလိုက်တော့ တချို့တောင်သူတွေက ဘာရောဂါကြီးလည်း ၊ ပိုးဥတွေကပ်နေတာလားလို့မေးကြတော့ အော် ဒီရောဂါကလည်း တို့တောင်သူတွေအတွက်အရေးကြီးသကိုး ။ရေးလိုက်ပါဦးမယ် လေဆိုပြီး ………စိတ်ကူးလိုက်မိတယ် ။

ဆက်လက်ပြီး ဒီနေ့အတွက် တောင်သူတွေ အတွက် ပြောပြပေးမှာကတော့ စပါးစိုက်တောင်သူတွေ အတွက် အခုလိုအချိန် မိုးအကုန် ဆောင်းအကူး ဖျက်မိုး လာချိန်ကျ ရင် တချို့နယ်တွေ မှာ အထွက်နှုံးကိုပါ ကျ စေပြီး ၊ စပါးစေ့ အရည်အသွေးကိုပါ ထိခိုက်စေတတ်တဲ့ ရောဂါတစ်မျိုးအကြောင်းကို ကျ တော် က ဆွေးနွေးပေးချင်တာ ။

ရောဂါနာမည်ကို တော့ False smut ( စပါးမှိုသီး ) ရောဂါလို့ခေါ်ပါတယ် ။ကျတော်က နဖူးတွေ့ဒူးတွေ့မြင်ဖူးတာတော့ လွန်ခဲ့တဲ့ ၆ နှစ် ဝန်းကျင်လောက်က စပ်မျိုးထုတ်တဲ့ ပုလဲသွယ်အခင်း စတင် တွေ့ဖူးတာပါပဲ ။ မှိုလုံးလေးတွေလား ပိုးဥတွေလားပေါ့ ။သူကတော့ ထူးထူးဆန်းဆန်းပါပဲ ။ အပင်ငယ်စဉ်မှာသိသာထင်ရှားစွာ လက္ခဏာ မပြဘူးဗျ ။ စပါးပင်က ပန်းစပွင့်ပြီဆိုရင်နည်းနည်းသတိထားပေတော့ဗျာ ။

ဒီရောဂါက ပန်းပွင့်တဲ့အဆင့်မှာပဲ အဓိက ဖြစ်တာဗျာ ။စပါးပန်းပွင့်ပြီးလို့အစေ့အစံ စတည်ပြီးဆိုတာနဲ့တပြိုင်တည်း စပါးနှံပေါ်ရှိ အစေ့အဆံပေါ်မှာ အဝါရောင်မှို အလုံးအခဲလိုက် အစုအပြုံလိုက် တွေ့ရမှာဖြစ်ပါတယ် ။အဲလို နည်းနည်းလေး စတွေ့လာရပြီဆိုရင် ကြည့်ကောင်းကောင်းဆိုပြီး လှတယ်ဆိုပြီး ကြည့်မနေနဲ့နော် ။ သင့်တော်မယ့်စိုက်ပျိုးရေးဆေးတစ်ခုခု သာ ဝယ်ဖြန်းတော့ဗျို့။ဒီမှို ရောဂါက ဘယ်လို အခြေအနေမှာ ကျ ရောက်တတ်တာလည်းဆိုရင် ပုလဲဓာတ်မြေသြဇာကို အစေ့အဆံစတင်ထွက်ချိန်မှာ လွန်လွန်ကဲကဲ ကျွေးမိရာကနေ မှ တဆင့် ၊ ရာသီဥတု ကလည်း အစိုဓာတ်က ခပ်များများ ၊ ပြောရရင်တော့ အခုလို တန်ဆောင်မုန်းဖျက်မိုးလာတဲ့အခြေအနေမှာ အထူး သတိထားသင့်ပါတယ် ခင်ဗျာ ။

နောက်တစ်ခုက ရိတ်သိမ်းပြီးပြီဆိုရင်လည်း ပင်ကြွင်ပင်ကျန်တွေကို ကျကျနန အပြတ်အသတ်ရှင်းလင်းရပါမယ် ။

စိုက်ကွင်းကို အမြဲတမ်း ရေသွငး်တာတွေ ရှောင်ကြဉ်ပေးရပါမယ် ။ရံဖန်ရံခါ ကွင်းကို ရေထုတ်ပြီး အခြောက်ထားတာမျိုးတွေ လုပ်ပေးရပါမယ် ။

ခံနိုင်ရည်ရှိတဲ့မျိုးတွေကိုသာစိုက်ပျိုးသင့်ပြီး မျိုးစေ့ကိုလည်း မစိုက်ပျိုးခင် မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်ပြီး စိုက်ပျိုးပေးရပါမယ် ခင်ဗျာ ။

Leave a Comment