ပိုးသတ်ဆေး ထုတ်လုပ်နိုင်သော အပင်များနှင့် ကာကွယ်နိုင်သော ပိုးမွှားမျာ
သီးနှံဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းရာတွင် အပင်ထွက် သဘာဝပိုးသတ်ဆေး များကို ဖော်ထုတ်အသုံးပြုကြရန် လိုပေသည်။ ယခုအခါ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်းကောင်း အပင်ထွက်သဘာဝပိုးသတ်ဆေးများကို ဖော်ထုတ်အသုံးပြုရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
၁။ တမာ
၂။ သြဇာ
၃။ ကြက်ဟင်းခါး
၄။ ပဲစိမ်းစား
၅။ နွယ်သာကီ
၆။ မဲရိုင်း
၇။ ကြောင်ပန်းကြီး
၈။ ဆေးရွက်ကြီး
၁။တမာ
လတ်ဆတ်သောတမားစေ့(၆၀)ကျပ်သားကို လက်ဆုံဖြင့် အဆန်ကွဲရုံထောင်းကာ ရေနှစ်ဂါလံဖြင့် ရောမွှေပြီး နှစ်ရက်ခန့်ရေစိမ်ထားပါ။ထို့နောက်တမာစေ့အရည်များကို ပိတ်ပါးပါးနှင့်စစ်ပေးပြီး မိမိပတ်ဖျန်းလိုသောသီးနှံခင်းတွင် ပတ်ဖျန်းပေးပါ။ တမာစေ့ (၆၀)ကျပ်သားမှရသည့် တမာပျော်ဝင်ရည်သည် ကူဘိုတာ (အေ – ၈)ဆေးဖျန်းပုံးတွင် ရေအပြည့်ဖြည့်ပြီး ဖျန်းပေးရန် သင့်လျော်သော နှုန်းထားဖြစ်သည်။
တမာရွက်ခြောက်ကိုလည်း လက်ဆုံဖြင့်ထောင်းကာ ထောင်းပြီးသားတမာရွက်ခြောက်များကို ရေဖြင့် ရောမွှေကာ နှစ်ညသိပ်ပြီး ပိတ်ပါးဖြင့်စစ်ခါ သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။
တမာစေ့အကွဲများတစ်ဆလျင် မီသနော(အရက်ပျံ)ဆယ်ဆဖြင့် ငါးနာရီခန့်မွှေပေးပြီးအနည်ထိုင်စေရန် (၂၄)နာရီခန့်ထားပါ။
ထို့ပြင် တမာစေ့အမှုန့်များ ၊ တမာရွက်ခြောက် ပေါင် (၂၀)ခန့်ကို သဲ (သို့မဟုတ်)လွှစာ(၁၅)ပေါင်ခန့် ဖြင့် ရောမွှေ၍စပါးခင်းများ၌အသုံးပြုသည်။
၂။ သြဇာ
သြဇာပင်သည် ပြည်၊ သရက်၊ ကြို့ပင်ကောက်၊ ပျဉ်းမနားစသည့် နယ်များတွင် အများဆုံးပေါက်ရောက်ပြီး အစေ့နှင့် အရွက်များကို သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။ သြဇာရွက်တွင် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပြီး သြဇာစေ့တွင် ဆီနှင့် စူးရှပြင်းထန်သော ဓာတ်ဆေးတစ်မျိုးပါဝင်ပါသည်။ သြဇာရွက်မှ ထုတ်ယူရရှိသော သဘာဝပိုးသတ်ဆေးသည် သြဇာစေ့မှရသော ဆေးထက် ပိုမို၍ ထိရောက်ပါသည်။
သြဇာရွက်နှင့် အစေ့တို့ကို အမှုန့်ပြုလုပ်၍ ရေဖြင့်လည်းကောင်း၊ မီသနော (အရက်ပျံ) ဖြင့်လည်းကောင်း ရော၍သဘာဝပိုးသတ်ဆေးအဖြစ် အသုံးပြုခြင်းဖြင့် ပျပိုး၊ ဖြုတ်စိမ်းပိုး၊ လှေး၊ သန်းစသည့် စုပ်စားပိုးကောင်များနှင့် အရွက်စားပိုးများ ဖြစ်ကြသော ပိုးနဂါး၊ ရွက်လိပ်ပိုး၊ ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါသည်။
၃။ ကြက်ဟင်းခါး
ကြက်ဟင်းခါးပင်ကို နိုင်ငံအနှံအပြားတွင် စားသုံးသီးပင်အဖြစ် စိုက်ပျိုးလေ့ရှိပြီး အရွက်နှင့် အသီးတို့ကို သဘာ၀ ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ အရွက်နှင့် အသီးတို့မှရရှိသော အရည်ဖြင့်လည်းကောင်း၊ မီသနော ( အရက်ပျံ) ဖြင့် ရောနှော၍ ပိုးသတ်ဆေးစွမ်းအားထုတ်၍ လည်းကောင်း၊ ခူမွှေးရှည်၊ ရွက်လိပ်ပိုးနှင့် ရွက်ဖြတ်ကျိုင်းကောင်များကို ကာကွယ်နိုင်ပါသည်။
၄။ ပဲစိမ်းစား
ပဲစိမ်းစားပင်ကို ပဲခူး ၊ မိတ္ထီလာနှင့် မြန်မာနိုင်ငံအထက်ပိုင်းတို့တွင် စိုက်ပျိုးကြပြီး အစေ့ကိုသဘာဝပိုး သတ်ဆေးအဖြစ်အသုံပြုနိုင်ပါသည်။ ပဲစိမ်းစားဆိုသည်မှာ အတောင့်နှင့်ဥစားမျိုးဖြစ်ပါသည်။ မျိုးယူပြီးကျန် သောပဲစိမ်းစားစေ့များကို အခြောက်လှန်းကာ အမှုန့့်ပြု၍လည်းကောင်း ၊ ရေဖြင့်စိမ်၍လည်းကောင်း ပျပိုး ၊ ဖြုတ်စိမ်း ၊ ပင့်ကူနီ ၊ ဟင်းသီးဟင်းရွက်စားပိုးများနှင့် ပဲမျိုးစုံရွက်စားပိုးများနှိမ်နင်းရာတွင်အသုံးပြုနိုင်ပါသည်။
၅။ နွယ်သာကီ
နွယ်သာကီပင်ကို အိမ်များတွင်အလှစိုက်လေ့ရှိ ကြရာနွယ်သာကီအရွက်ကိုသဘာဝပိုးသတ်ဆေး အဖြစ်အသုံးပြုနိုင်ပါသည်။နွယ်သာကီအရွက်တစ်ဆကို ရေနှစ်ဆဖြင့်လည်းကောင်း ၊ နွယ်သာကီအရွက်ခြောက် ကိုအမှုန့်ပြု၍အရက်ပျံနှင့်စိမ်ကာ တမာရွက်မီသနော ပြုလုပ်နည်းအတိုင်းပြုလုပ်၍လည်းကောင်း၊ ရွက်စားပိုး၊ ကျိုင်းကောင်နှင့် ပိုးလောက်လန်းများကို နှိမ်နင်းနိုင်ပါသည်။
၆။ မဲရိုင်း
မဲရိုင်းအရွက်၊ အသီးနှင့် အမြစ် စသည်တို့ကို အမှုန့်များပြုလုပ်၍လည်းကောင်း၊ ပျော်ဝင်ရေတွင် ရေ၊ မီသနော (အရက်ပျံ) ပျော်ဝင်စေ၍လည်းကောင်း အသုံးပြုနိုင်ပြီး ရွက်စားပိုး၊ ခူကောင်၊ ပိုးလောက်ကောင်များ နှင့်ပိုးကျိုင်းကောင်များကို နှိမ်နင်းနိုင်ပါသည်။
၇။ ကြောင်ပန်းကြီး
ကြောင်ပန်းကြီးကို နေရာအနှံ့အပြားတွင်တွေ့ရပြီး အရွက်ကို သဘာဝပိုးသတ်ဆေးအဖြစ် သုံးနိုင်ပါ သည်။ ကြောင်ပန်းရွက်များကို အခြောက်လှန်းပြီးသီးနှံများ သိုလှောင်သည့်အိပ်များတွင် ထည့်သွင်းအသုံးပြု ခြင်းဖြင့် သီးနှံများသိုလှောင်ရာတွင် ဖျက်စီးတတ်သောပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ပါသည်။
၈။ ဆေးရွက်ကြီး
ရွှေကျင်၊ မဒေါက်၊ မြန်အောင်၊ ညောင်ဦး၊ မြောင်းမြ၊ ပခုက္ကူစသည့်ဒေသများတွင် ဆေးရွက်ကြီးကို တွေ့မြင်ရပြီး အရွက်နှင့်ရိုးတံတို့ကို အသုံးပြုရသည်။ ဆေးရွက်ကြီးအရွက်နှင့် ရိုးတံတို့ကို ရေတွင်စိမ်ပြီး လွယ် ကူစွာ အသုံးပြုခြင်းဖြင့် ပျပိုး၊ ဖြုတ်စိမ်း၊ ရွက်စားပိုးလောက်ကောင် ၊ ပိုးကျိုင်းကောင်တို့ကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။
သို့ဖြစ်ရာတွင် တောင်သူလယ်သမားများသည် မိမိတို့ပတ်ဝန်ကျင်တွင် အများဆုံးရှိနေပြီး အလွယ်ကူ ဆုံးရှိနေနိုင်သော သစ်ပင်ပေါင်းပင်များမှ သဘာဝပိုးသတ်ဆေးများကို ဖော်ထုတ်ပြီးစိုက်ခင်းများ၌ တွင်ကျယ် စွာအသုံးပြုခြင်းဖြင့် သီးနှံများကို ဖျက်စီးသည့် ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နှိမ်နင်းသင့်ပါသည်။