မြန်မာနိုင်ငံကိုလည်းရောက်လာပြီဖြစ်တဲ့ ငမြောင်တောင်ပိုး

မြန်မာနိုင်ငံကိုလည်းရောက်လာပြီဖြစ်တဲ့ ငမြောင်တောင်ပိုး
အင်္ဂလိပ်အမည် – Fall Armyworm (FAW)
မြန်မာအမည် – ငမြှောင်တောင်
သိပ္ပံအမည် – Spodoptera frugiperda
စားသောက်ပုံ – ကိုက်ဖြတ်ခြစ်ယူစားသောက်သည်
မူရင်းဒေသ အမေရိကဖြစ်သည့် ငမြှောင်တောင်ပိုး Fall Armyworm (FAW) Spodoptera frugiperda ကို ၂၀၁၆ ခုနှစ်အစောပိုင်းမှစ၍ အာဖရိကတွင် တွေ့ရှိခဲ့ရပြီး ပြောင်းနှင့် အခြားအဓိက သီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံအပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက်ဖျက်ဆီး နိုင်သည့်အပြင် ဖလံကောင်မှာ တစ်ညအတွင်း ကီလိုမီတာ (၁၀၀) ထိ ပျံသန်းနိုင်စွမ်း ရှိပါသည်။ ထိရောက်စွာနှိမ်နင်းနိုင်ခြင်းမရှိလျင် သီးနှံအထွက်နှုန်း ကို (၁၀၀)ရာခိုင်နှုန်းအထိ သိသိသာသာထိခိုက်စေနိုင်သည့် အလားအလာများစွာရှိနေသော ဖျက်ပိုးလည်းဖြစ်ပါသည်။ ယခုအခါတွင် ယင်းငမြှောင်တောင်ပိုး (FAW) ကို အာရှနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် တွေ့ရှိနေရပြီဖြစ်သော ကြောင့် အိန္ဒိယနိုင်ငံမှတဆင့် အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ လျင်မြန်စွာ ပြန့်နှံ့သွားနိုင်သည့်အတွက် ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ (FAO) က သတိပေးနှိုးဆော်လျက်ရှိနေပါသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ကျရောက်နေပြီဖြစ်ရာ တောင်သူဦးကြီးများနှင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ သိရှိစေရန်တင်ပြပေးအပ်ပါသည်။
ကျရောက်သည့်သီးနှံ
ပြောင်း၊ စပါး၊ အာလူး၊ ကြံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံ။
ကျရောက်သည့်အချိန်
အပင်ငယ်အဆင့်မှ ရိတ်သိမ်းချိန်ထိကျရောက်တတ်သည်။
ဖျက်ဆီးပုံလက္ခဏာ
ပြောင်းပင်တွင် ငမြှောင်တောင်ပိုးကျရောက်ပါက ပင်စည်ကိုဝိုင်း၍ထွက်သည့် အရွက်များ (Whorl) တွင် ဖျက်ဆီးခံထားရသည့်အပေါက်များရှိနေခြင်း၊ အရွက်အနားများစုတ်ပြတ်နေခြင်းနှင့် လောက်ကောင်၏မစင်များ စသည်တို့ ထင်ရှားစွာတွေ့ရသည်။ အပင်ငယ်စဉ်တွင် ဆိုးဆိုးဝါးဝါး ကျရောက်ပါက “dead heart” ခေါင်ညွန့်သေ ခြင်း လက္ခဏာ (ပြောင်းပင်အလယ်ရှိ ခေါင်ညွန့်များ ဝါခြောက်ခြင်း) ကိုထင်ရှားစွာတွေ့ရသည်။ ဆိုးရွားစွာကျရောက်ပါက အရိုးတံများသာကျန်ရှိနေနိုင်ပါသည်။
ဘဝစက်ဝန်း
ဘဝစက်ဝန်းတစ်ခုလုံးက်ု (၂၄-၄၀) ရက်အထိကြာနိုင်ပါသည်။
ဥမြုံတစ်ခုလျှင် ဥ (၁၀၀-၂၀၀) မှ အထိရှိနေနိုင်ပါသည်။ ဖလံမတစ်ကောင်လျှင် ဥ (၁၀၀၀) မှအထက်ဥနိုင်သည်။ ဥမှတစ်ဆင့်လောက်ကောင်ငယ်ဘဝရောက်ရှိရန်အတွက် ၂၀-၃၀ ဒီဂရီစင်တင်ဂရိတ်တွင် (၂ရက်မှ၃ရက်) အထိကြာနိုင်ပါသည်။ လောက်ကောင်သည် အစိမ်းရောင်ဖျော့ဖျော့မှ အညိုရင့်ရောင်ရှိနိုင်ပြီး အလျားလိုက်အစင်းကြောင်းများပါရှိပါသည်။လောက်ကောင်သည် အကောင်ငယ်ဘဝမှ အကောင်ကြီးအဆင့်အထိ (၁၄ရက်မှ၂၂ရက်)အထိရှင်သန် နိုင်ကြပါသည်။ လောက်ကောင်အဆင့်တွင် အဆင့်ခြောက်ဆင့် ရှိပါသည်။ ရုပ်ဖုံးအဆင့်တွင် (၇ရက်မှ၁၃ရက်) အထိ ကြာရှည်နိုင်ပြီး မြေကြီး နှင့် အမှိုက် များကြားတွင်ရှိနေနိုင်ပါသည်။ရုပ်ဖုံးသည် လောက်ကောင်ကြီးထက် အလျားတိုပြီး အညိုးရောင်ပြောင်လက်နေသည်။
Fall Armyworm (FAW) ငမြောင်တောင် နှင့် အခြားသော ငမြောင်တောင် တို့၏မတူညီသော ရုပ်လက္ခဏာများ
(၁) လောက်ကောင်၏ ဦးခေါင်းတွင် အဖြူရောင် အင်္ဂလိပ်အက္ခရာ “Y” ပြောင်းပြန်ပုံသဏ္ဍာန်နှင့် ပိုက်ကွန်ပုံစံ ရှိခြင်း၊
(၂) ခန္ဓာကိုယ်၏ အဆစ် (၈) ဆစ်မြောက်တွင် အနက်ရောင် အစက် (၄) စက်ရှိခြင်း၊
(၃) ကျောလယ်ရှိ အစင်းသည် ဘေးဘက်တွင်ရှိသောအစင်း (အနက်ရောင်အစင်း) များထက် ကျယ်ပြန့်၍ အရောင်ဖျော့ခြင်း
ငမြှောင်တောင်ပိုး (FAW) ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများ
၁။ စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
၂။ ကျန်းမာသန်စွမ်း၍ ငမြှောင်တောင်ပိုးဒဏ်ခံနိုင်ရည်ရှိသော မျိုးများအားစိုက်ပါ။
၃။ စိုက်ပျိုးချိန်နောက်ကျခြင်းကိုရှောင်ပါ။
၄။ သက်တမ်းတူသောမျိုးများကို စိုက်ချိန်တပြိုင်နက်တည်း စိုက်ပျိုးနိုင်အောင်ကြိုးစားပါ။
၅။ မီးထောင်ချောက် Light Trap များအသုံးပြုရန်။
၆။ ပိုတတ်ရှ်မြေသြဇာကို မဖြစ်မနေထည့်ပေးရန်။
၇။ စိုက်ခင်းအတွင်းရှိ မိတ်ဆွေပိုးများဖြစ်သော ပင့်ကူ၊ ပုဇဉ်း၊ လိပ်ခုံးကျိုင်း၊ ငှက်နှင့် နဂျီအုပ်စုဝင် ကပ်ပါးများ အားထိန်းသိမ်းပေးပါ။
၈။စိုက်ခင်းကို နှစ်ရက်တစ်ကြိမ်ပုံမှန်စစ်ဆေးပါ။
အသုံးပြုသင့်သောပိုးသတ်ဆေးများ
စဉ် ပိုးသတ်ဆေး တစ်ဧကနှုန်းထား ဆေးအာနိသင်
၁။ ဖန်သိုအိတ် ၅၀ အီးစီ ၅၀၀ စီစီ/ ဧက ထိသေ
၂။ လမ်ဒါဆိုင်ဟေလိုသရင်+အီမာမက်တင်ဘန်ဇိုအိတ် ၁၅၀ ဂရမ်/ဧက ထိသေ/စိမ့်ဖောက်
၃။ ဆိုက်ပါမီသရင်+ကလိုပိုင်ရီဖော့စ် ၅၀၀ စီစီ/ဧက ထိသေ/အဆိပ်ငွေ
၄။ ကလိုရန်ထရန်နီလီပရိုးလ် ၂၅၀စီစီ/ဧက ထိသေ/စိမ့်ဖောက်
၅။ အင်ဒိုဇာကပ် ၁၅၀စီစီ/ဧက ထိသေ
၆။ ပရိုဖီနိုဖော့စ် ၅၀၀စီစီ/ဧက ထိသေ
မှတ်ချက်။ ။ ပိုးသတ်ဆေးယဉ်ပါးမှုများမဖြစ်ပေါ်စေရန် မတူညီသောဆေးအုပ်စုများအား အလှည့်ကျသုံးစွဲရန် လိုအပ်ပါသည်။
ပိုးသတ်ဆေးတွေကပြင်းလိုက်တာ ။ horticulture oil ( Neem oil ) လောက်နဲ့ သေမယ့်ပိုးကို။